လူငယ်တွေကို MMM Global ကို ဘာလို့ ဝင် မလုပ်စေချင်ရသလဲ ?

 
လူငယ်တွေကို MMM Global ကို ဘာလို့ ဝင် မလုပ်စေချင်ရသလဲ ?
-----------------------------------

ဒီ စာကို လူငယ်တွေဆီ ရည်ရွယ်ပြီး ရေးရတာက အကြောင်းရှိပါတယ် ။ လူငယ် ဆိုတာ လွတ်လပ်တယ် ။ ကိုယ်ပိုင် တွေးခေါ်တတ်တယ် ။ ပွင့်ပွင့်လင်းလင်း အမှားအမှန် ဝန်ခံရဲတယ် ။ ကိုယ့်တာဝန်ကို ကိုယ်ယူပြီး ကိုယ့်အမှားကို ပြုပြင်ပြီး ပိုမို ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်တဲ့ သတ္တိ ၊ အချိန် နဲ့ ခွန်အားရှိသေးတယ် လို့ ယူဆတဲ့ အတွက်ပါ ။

၁။  MMM Global လုပ်ရင် ငွေတွေ အများကြီး ဆုံးရှုံးမှာ စိုးရိမ်လို့လား ?
- ဒီ မေးခွန်းရဲ့ အဖြေက ဟုတ်တယ် လို့ ပြောရမှာ ဖြစ်ပေမယ့် ကျွန်တော် တားနေရတဲ့ အဓိက အကြောင်းရင်း မဟုတ်ပါဘူး ။ ဘာလို့ဆို အများစုက ငွေပို ငွေလျှံလေးနဲ့ စမ်းကြည့်ရင်း မြတ်လာတာကို ပြန်ရင်းတဲ့ သဘော လုပ်နေကြတာ တွေ့နေရလို့ ပါ ။ ဆုံးရှုံးသွားလည်း နည်းနည်းလောက်ပဲ မို့လို့ ကျွန်တော် သိပ်တော့ စိတ်မပူလှပါဘူး ။ လောဘကြီးပြီး အများကြီး မနိုင်မနင်း ဝင်လုပ်မှာကိုလည်း မြန်မာ မှာရှိတဲ့ အကျင့် စာရိတ္တကောင်းတဲ့  MMM Guiders တွေက တားပေးနေတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ် ။

၂။ ဒါဆို ဘာလို့ တားလဲ ? ငွေ မှ မဆုံးရှုံးရင် ဘာဖြစ်သေးလဲ ?

ငွေ ဆုံးရှုံးမှုက မကြီးမားပေမယ့်
- ဆင်ခြင် သုံးသပ် နိုင်စွမ်း
- စိတ်နေစိတ်ထား နဲ့ ခံယူချက်
- အချိန်
- သိက္ခာ စတဲ့ ငွေကြေး ထက်ပိုပြီး တန်ဖိုး ရှိတဲ့ အရာတွေ ဆုံးရှုံးမှာ စိုးရိမ်လို့ပါ ။

- ဒီ အချက်ကို အကျယ် ရှင်းပါမယ် ။
စပြီး သေချာ သတိထားရမှာက MMM ရဲ့ လည်ပတ်ပုံပါ ။ Community လို့ နာမည်ခံထားပေမယ့် ... အချင်းချင်း ကူညီကြတာလို့ ... နာမည် ခံထားပေမယ့် ရသင့်ရထိုက်တဲ့ ရင်းနှီးငွေထက် အဆများစွာ ပြန်ရနေအောင် စီစဉ်ထားတဲ့ MMM Global ရဲ့ ငွေကြေးလည်ပတ်ပုံနဲ့ ပတ်သက်ပြီး အကျယ်ရှင်းလင်းထားတဲ့ Posts တွေ ကျွန်တော်ရော အခြား နားလည်သူတွေပါ တင်ပြီးသွားပါပြီ ။

အတိုချုံ့ပြောရရင်တော့ ဘယ်လို တရားဝင် စီးပွါးရေးကမှ ဒီလောက်များတဲ့ အတိုးနှုန်း < တစ်လ အတွင်းမှာ အတိုးနှုန်း ( 20% မှ 100% ) > နဲ့ အပို ဆုကြေးတွေ ( လူခေါ်ဆုကြေး 10% ၊ အဆင့်ဆင့် ဆုကြေး 5-3-1-0.5-0.3-0.1 % တွေ  ) ကို မပေးနိုင်ပါဘူး ။ ဒါကြောင့် MMM ဟာ သေချာပေါက် နောက်လူသစ်တွေရဲ့ ရင်းနှီးငွေတွေကို ရှေ့လူသစ်တွေကို ပြန်ပေးနေတဲ့ ပွန်ဇီ ငွေကြေးလိမ်လည်မှု ပုံစံကို သုံးထားတယ်ဆိုတာ ၁၀၀% သေချာပါတယ် ။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး မဟုတ်ဘူးလို့ သေချာ လာရှင်းနိုင်ရင် သိန်း ၁၀၀ ကြေး လောင်းရဲပါတယ်လို့ကျွန်တော် အတိအလင်း စိန်ခေါ်ထားခဲ့တာကိုလည်း ဘယ်သူမှ လာမဖြေရှင်းရဲခဲ့တာ သတိထားမိမှာပါ ။ သူတို့ အကြောင်းပြတာကတော့ အာမခံမရှိတဲ့ အလုပ်လို့ ပြောထားပြီးသားမို့လို့ လာမရှင်းနိုင်ပါဘူးလို့ ပြန်ပြောပါတယ် ။
ဒါပေမယ့် တစ်ခု သတိထားရမှာက ကျွန်တော် စိန်ခေါ်ထားတာ အာမခံ ရှိ၊မရှိ ကိုတောင် မဟုတ်သေးပါဘူး ။ MMM ရဲ့ ငွေကြေးလည်ပတ်ပုံ ဟာ နောက်လူသစ်တွေရဲ့ ရင်းနှီးငွေပေါ်မှာ အဓိက အားယူလည်ပတ်ထားတဲ့ ငွေကြေးလိမ်လည်မှု ဟုတ်မဟုတ်ကို စိန်ခေါ်ထားတာပါ  ။ ပွန်ဇီ စနစ် သုံးတဲ့ ငွေကြေးလိမ်လည် မှုတွေဟာ ရှေ့လူတွေ အမြတ် ထွက်ပေမယ့် နောက်လူတွေ နစ်နာစေတဲ့ ကိစ္စဆိုတာ သမိုင်းမှာ ဒီလို အလုပ်ပေါင်းများစွာ ပြိုလဲသွားခြင်းဖြင့် သက်သေ အကြိမ်ကြိမ် ပြပြီးနေပါပြီ ။

ဒီ MMM ဟာ ဒီလို စနစ်မျိုးပါပဲ ဆိုတာကို ကျွန်တော် စိန်ခေါ်တာပါ ။ ( ဘယ်လို လုပ်ငန်းကမှ ဒီလောက် အတိုးနှုန်းကို ရအောင်ရှာဖို့ မဖြစ်နိုင်တဲ့ အပြင် ကိုယ်တိုင်ကလည်း သူတို့ဟာ Business/Investment မဟုတ်ပါ လို့ ဝန်ခံထားပြီးသား ဖြစ်နေတာကို တွေ့ရမှာပါ ။ Business/Investment မဟုတ် ပဲနဲ့ မဆီမဆိုင် ဘာလို့သူတို့က အတိုးပေးနေနိုင်ပါသလဲ ဆိုတာကို စဉ်းစားကြည့်လိုက်ရုံနဲ့တင် ပွဲပြတ်ပါတယ် ။ )

***
အခုတော့ လူ အများစုဟာ အဲ့အချက်ကို သတိမထားမိပဲ လုပ်နေကြပါတယ် ။ ဒါဟာ ကိုယ့်ရဲ့ ဆင်ခြင် သုံးသပ်နိုင်စွမ်းကို ထုတ်မသုံးသလို ဖြစ်နေပါတယ် ။ လူငယ်တွေ အနေနဲ့ အဲ့လို ကိစ္စတစ်ခုကို ကိုယ်ပိုင် ဉာဏ် နဲ့ သေချာ မစဉ်းစားဘဲ အလွယ်တကူ ဆုံးဖြတ်လုပ်ကိုင်တဲ့ အလေ့အကျင့်မျိုးကို ရသွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ် ။

( တစ်ချို့ ဘယ်ကရတဲ့ ငွေနဲ့ ပေးပေး ၊ ရနေရင် ပြီးရော ၊ စိတ်ကို မဝင်စားဘူးလို့ ပြောတာရှိပါသေးတယ် ) တစ်ချို့ဆိုရင်
ကိုယ် ငွေရနေရင် ပြီးရော နောက်လူတွေ နစ်နာသွားလည်း ကိစ္စမရှိဘူးဆိုတဲ့ "ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုတဲ့ စိတ်မျိုး ထားနေကြတာတွေလည်း တွေ့နေရပါတယ် ။

***
အဲ့လို စိတ်ဓာတ်မျိုး လူငယ်တွေ ထဲကို စိမ့်ဝင်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တာပါ ။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီ အတွေးအခေါ်ဟာ  အတော် အန္တရာယ်များတာပါ ။ ဒီလို ခံယူထားတဲ့လူတွေဟာ ဒီ MMM ကြီး အချိန်တန်လို့ ပျက်သွားရင်တောင် ဒါမျိုး နောက်တစ်ခု ရှာလုပ်ကြဦးမှာပါပဲ ။
အွန်လိုင်းမှာ အဲ့လိုမျိုး အလားတူ / ဆင်တူ ဆိုဒ်တွေကလည်း အများကြီးပါ ။ အခုဆို စိတ်မကောင်းစရာက မြန်မာမှာတောင် အဲ့လို ဆိုဒ်မျိုးလုပ်ဖို့ ကြိုးစားနေကြပြီလို့ ကြားပါတယ် ။ ကျပ်ကျပ်သာသတိထားပါလို့ ကြိုပြီး သတိပေးလိုက်ပါမယ် ။ ဒီကိစ္စ ဒီ့ထက်ပိုပြီး ကြီးလာရင် မီဒီယာတွေ ပါ ထပ်ပြီး ပါလာဦးမှာပါ ။ MLM / Network Marketing ကို တတ်နိုင်သလောက် ထိန်းနေတာ မအောင်မြင်သေးပေမယ့် ကိုယ့်ပြည်တွင်းမှာ ထထောင်ပြီး ဥပဒေနဲ့လည်း ငြိစွန်းတာ တစ်ခုခု ပါသွားမယ် ဆိုရင်တော့ မြန်မာတို့ရဲ့ အလားတူ MMM site ဟာ ထွက်လာတာနဲ့ ကိုယ့် ဒုက္ခ ကိုယ် ရှာသလို ဖြစ်ပါလိမ့်မယ် ။

အခုလောလောဆယ်မှာကိုပဲ 7Day News ဂျာနယ် /Internet ဂျာနယ် / People Magazine တို့ရဲ့ ပိုင်ရှင် ကို သောင်းစုငြိမ်း ကိုယ်တိုင် ဒီ MMM ကိစ္စ ကို Public Post အနေနဲ့ တင်ပြီး အများပြည်သူအတွက် အသိပေး သတိပေးခဲ့ပြီး ဖြစ်ပါတယ် ။

***
MMM Global ကို ဝင်လုပ်လို့ ကိုယ့် ငွေ အနေနဲ့ မဆုံးရှုံးဘူး ၊ ဒါမှ မဟုတ် နည်းနည်းပဲ ဆုံးရှုံးရရင်တောင် ဒီ MMM စနစ်ကို တည်ထောင်သူတွေ ၊ အဓိကစည်းရုံးလူခေါ်နေတဲ့ ထိပ်သီးခေါင်းဆောင်တွေဟာ လက်ဖျားငွေသီး နေကြမှာပါ ။ တကယ်တော့ MMM ဝင်လုပ်မိတဲ့ လူငယ်တွေဟာ သူတို့ ထိပ်ပိုင်းလူတွေအမြတ်ကြီးကြီးရဖို့ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာ အပွန်းပဲ့ခံပြီး လှုပ်ရှားပေးနေရတဲ့ ပွန်းရုပ်လေးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာပါ ။ ဒီ အခြေအနေကို သိရင် ရုန်းထွက်ရပါမယ် ။ ရုန်းထွက်ရဲရပါမယ် ။

အများသိ Blogger ကို ညီနေမင်း ဆိုရင် MMM Global ကို ဝင်လုပ်ခဲ့ပြီး လူတစ်ချို့ကိုလည်း ဝင်လုပ်ဖို့ တိုက်တွန်းခဲ့ဖူးပေမယ့် အခု သူ ဒီ MMM ကို ရပ်လိုက်ပါပြီ ။ ရပ်လိုက်ကြောင်းကိုလည်း အများသိအောင် အတိအလင်း ကြေငြာခဲ့ပြီး ဖြစ်ပါတယ် ။ သူ တင်ထားခဲ့တဲ့ Post ကို ဖတ်ပြီး MMM သမားအများစုက သူတို့ စားကွက်ပျောက်မှာဆိုးလို့ အမျိုးမျိုး စိတ်အနှောင့်အယှက်လှမ်းပေးကြ  တာကို အာရုံနောက်လွန်းလို့ သူ့ Post ကို Only me လုပ်ထားလိုက်ပြီ ဖြစ်ပေမယ့် သူ ဒီလို တင်ခဲ့တဲ့ Post ကို Screenshot ရိုက်မိထားတဲ့ လူတွေ အများကြီးရှိပါတယ် ။ သူ့ကို ကိုယ်တိုင်သွားမေးတာဖြစ်ဖြစ် ... သူ့ Facebook wall ကို ကိုယ်တိုင် သွားကြည့်တာ ဖြစ်ဖြစ် ... လုပ်ရင်လည်း သူ MMM ကို ဆက်မလုပ်တော့ဘူးဆိုတာ သိရမှာပါ ။ ကျွန်တော်ကတော့ သူ့ကို တလေးတစားနဲ့ကို ချီးကျူးပါတယ် ။ သေချာမသိခင်က လုပ်ခဲ့မိပေမယ့် သေချာသိသွားတဲ့ အခါ မှိန်းစားဖို့ မလုပ်ပဲ ဒီလို ရပ်ပစ်လိုက်နိုင်ဖို့ဆိုတာ တော်ရုံလူ မလုပ်နိုင်ပါဘူး ။ ဒီ အတွက်တော့ သူ့ရဲ့ စိတ်ဓာတ်ကို တလေးတစားမှတ်တမ်းတင် ချီးကျူးပါတယ် ။ တခြား MMM ထဲမှာ လှုပ်ရှားနေသေးတဲ့ Bloggers တွေ / နည်းပညာ မျှဝေနေသူတွေ ကိုလည်း ဖြစ်နိုင်ရင် သူ့လို လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ အများသူငါကို အသိပညာ မျှဝေပေးနေတဲ့ Bloggers တွေ အနေနဲ့ အများအကျိုး ထိခိုက်စေမယ့် ကိစ္စမျိုးကို မလုပ်သင့်တဲ့အပြင် ဖြစ်နိုင်ရင် အများအကျိုး ကိုယ်တိုင်ကို တားသင့်ပါတယ် ။
( MMM အတွက် အသက်ပေးပြီး စိန်ခေါ်ရဲတယ်လို့ ကြွေးကြော်မယ့် အစား ကို ညီနေမင်းလို အများအကျိုး ယုတ်မှာကို သိချိန်မှာ ရပ်ပစ်ရဲတဲ့ သတ္တိမျိုး မွေးလိုက်စမ်းပါ ။ )

***
နောက် တစ်ခု အတော်လေး ဆိုးရွားတဲ့ အတွေးအခေါ် အဆိပ်ခပ်မှု တစ်ခုကို MMM သမားအချို့ သုံးနေကြတာကိုလည်း တွေ့ရပါတယ် ။ " အွန်လိုင်းပေါ်က အလုပ် မှန်သမျှ ဒီလိုပဲ အာမခံချက် မရှိဘူး..." ဆိုတဲ့ စကားပါ ။ ဒီ စကားဟာ အတော်လေးကို ဆင်ခြင်တုံတရား မဲ့တဲ့စကားပါ ။ ကျွန်တော်ကတော့ သူတို့ မသိလို့ ပြောတယ်လို့ မယူဆပါဘူး ။ သိသိကြီးနဲ့ တမင် အဆိပ်ခပ်တာပါ ။ Online ပေါ်မှာ တရားဝင် လူ့ကျင့်ဝတ်နဲ့အညီ ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ဝင်ငွေရအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ် ။ စာရှည်မှာစိုးလို့ ကျွန်တော် ဒီမှာ မရေးတော့ပါဘူး ။ နောက်ထပ် Post တစ်ခု သက်သက် အနေနဲ့သာ တင်ပေးလိုက်ပါ့မယ် ။

ဘာ ငွေကြေးအရင်းအနှီးမှ မရှိပါပဲ အွန်လိုင်းပေါ်ကနေ ဘဝ အတွက်ရပ်တည်ချက် ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း နဲ့ ဝင်ငွေရယူနိုင်ခဲ့တဲ့ "အောင်ခမ်း" ၊ "မိုးလုံးပြည့်လျှံ" ၊ "ခွန်နေ" ၊ "မိုးရှင်း" စတဲ့ လူငယ်တွေ အများကြီး ရှိပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း အွန်လိုင်းပေါ်ကနေ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းနဲ့ ပိုက်ဆံရှာခဲ့ဖူး ၊ ရှာနေဆဲပါ ။ ကိုယ်ရည်သွေးရာကျမှာ စိုးလို့ ဒီ မှာတော့ မပြောတော့ပါဘူးဗျာ ။

ဒီတော့ လူငယ်တွေ စဉ်းစားရမှာက MMM သမားတွေက MMM ကောင်းကြောင်းရေးတယ်ဆိုတယ်ဆိုတာ သူတို့ အကျိုးအမြတ်ရနိုင်ဖို့ အတွက် အဓိကပါ ။
ကျွန်တော်တို့လို ၊ ပရဟိတသမား ကိုအောင်ကျော်မိုး တို့လို ၊ မီဒီယာလုပ်ငန်းရှင် ကိုသောင်းစုငြိမ်းတို့လို ၊ လူငယ် စီးပွါးရေးသမား ရန်နိုင်ဦး တို့လို လူတွေက MMM မကောင်းကြောင်းကို ရေးနေတယ်ဆိုတာ ဘာအတွက်လဲလို့ သေချာ စဉ်းစားကြည့်ပေးပါ ။ သူတို့ ( MMM လုပ်နေသူ တွေ ) စွပ်စွဲသလို နာမည်ကြီးဖို့ အတွက်လို့ ထင်ရင်တော့ အတော်လေး မှားနေပါပြီလို့ ပြောပါရစေ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နာမည်ကြီးတယ်ဆိုရင်လည်း အတိုက်ခိုက်ခံရတာ က ပိုများမယ်ဆိုတာ ဒီ စာရေးသူတွေ အကုန်သိပြီးသားပါ ။ ပြီးတော့ ဒီနေ့ခေတ်မှာ facebook ပေါ် နာမည်ကြီးချင်ရင် facebook ကို ပိုက်ဆံပေးလိုက်ရင် ပွဲပြီး ပြီးသားပါ ။ ဒါတွေ လူမုန်းခံ ၊ Comments/message နဲ့ လာစော်ကားတာခံပြီး ရေးနေစရာမလိုပါဘူး ။

ကျွန်တော်တို့ရေးနေတာ နောက်လူတွေ ၊ လူငယ်တွေ ဆုံးရှုံးမှာ စိုးလို့ ၊ စိတ်ဓာက် ပျက်ပြားကုန်မှာစိုးလို့ ပါ ။

ဒီ စာစုမှာ နောက်ဆုံး အနေနဲ့ လူငယ်တွေကို ပြောချင်တာက ငွေကြေး ထက် ပိုတန်ဖိုးကြီးတဲ့ ကိုယ့်ရဲ့
- ဆင်ခြင် သုံးသပ် နိုင်စွမ်း
- စိတ်နေစိတ်ထား နဲ့ ခံယူချက်
- အချိန်
- နာမည် ကောင်း နဲ့ သိက္ခာ ....  စတာတွေကို ဒီ MMM အလုပ်အတွက် အဆုံးရှုံး မခံကြပါနဲ့တော့ ။

MMM ကို မလုပ် ရသေးရင် ဝေးဝေးက ရှောင်ပါ ။
လုပ်နေမိရင် လည်း နယ်ရုပ်လေးတွေ ဘဝကနေ အမြန်ဆုံး ရုန်းထွက် ရပ်တန့်နိုင်အောင် ကြိုးစားကြပါလို့  .....

လေးစားလျက်
ကိုဇင်ဇေ

=====

MMM Global  နဲ့ ပတ်သက်လို့ အမြင်မတော်သူ စာရေးသူတွေ/ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေ/ လူငယ်ရေးရာနဲ့  ပရဟိတ အရေး လှုပ်ရှားသူတွေရဲ့ အသိပေး မျှဝေထားတဲ့ အချက်အလက်/အယူအဆတွေကို ဒီ Page မှာ စုပြီး တင်ပေးထားပါတယ် ။ သေသေချာချာ ဖတ်ရှုလေ့လာပြီး ဘဝတစ်သက်စာ လိပ်ပြာ သန့်စေမယ့် ဆုံးဖြတ်ချက်မျိုး ချနိုင်ကြပါစေဗျာ :)
https://m.facebook.com/myanmarmmminfo/

=====

မင်းက ဘာကောင်မို့လို့ ၊ ဘာတွေ လုပ်ဖူးလို့ ဒါတွေ လာပြောနေရတာလဲဆိုသူတွေအတွက်
ကျွန်တော့် ကိုယ်ရေးအကျဉ်း ထည့်ပေးလိုက်ပါတယ် ။  :)
- Myanmar Maritime University ကျောင်းဆင်း ( Nautical Science Major )
- Active English စကားပြော သင်တန်း တည်ထောင်သူ
- မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး အွန်လိုင်းမဂ္ဂဇင်း ကို ထုတ်ဝေ၍ အခမဲ့ ဖြန့်ချီ သူ )
- "ကြယ်ငါး ကောက်သူများ" ပရဟိတ အသင်း တည်ထောင်သူ
- Active Readers စာဖတ် အသင်း တည်ထောင်သူ
- ချုံ့ပြောရရင် " ကြယ်ငါး ကောက်နေသူ " ....

Share on Google Plus

About Zin Zae

♦ Active English စကားပြော သင်တန်း တည်ထောင်သူ .... ( www.ActiveEnglishMyanmar.com ) ( www.facebook.com/MmEnglishLearning ) ♦ Myanmar Midas Touch အမည်ဖြင့် Social media marketing - ( Consulting and services ) လုပ်ငန်း တည်ထောင် ဝန်ဆောင်မှုပေးနေသူ ... ♦ လူငယ်များ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေးအတွက် အကြံဉာဏ် ၊ ဗဟုသုတများကို ( www.sharingkozinzae.wordpress.com ) / www.facebook.com/myanmardream မှတဆင့် မျှဝေနေသူ ... ♦ တစ်နည်း အားဖြင့် " ကြယ်ငါး ကောက်နေသူ " :) ♦ ကျွန်တော်ဟာ ....အချိန်တိုင်း အချိန်တိုင်းမှာ ဒီလို သနားစရာကောင်းတဲ့ ကြယ်ငါးလေးတွေကို.... သူတို့ရှင်သန်ရာ ပင်လယ်ပြင်ထဲပြန်ရောက်အောင် ပြန်ပစ်ပေးနေတတ်တဲ့ လူတစ်ယောက်ကလွဲလို့ .... ဘာမှ မဟုတ်ပါဘူးဗျာ.... :) ( zinzae@gmail.com ) - 09 25000 5174

0 comments :

Post a Comment